Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

Saturday, May 19, 2012

အဖန်ငါးရာငါးကမ္ဘာဆိုတာ...

အဖန်ငါးရာငါးကမ္ဘာဆိုတာ...

ဗုဒ္ဓဘာသာ မြန်မာအများရဲ့ လွဲနေတတ်တဲ့ အလွဲတွေအကြောင်း စာတွေရေးပေးနေတာသိတော့ ဒကာတစ်ယောက်က “အရှင်ဘုရား တပည့်တော်တို့ မြန်မာတွေမှာ ကိုယ့်ကိုယ်ကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာမှာ အဲဒီလိုပဲ သတ်သေပြီး သေရတယ်ဆိုတာ ဟုတ်ပါသလားဘုရား၊ ဟုတ်တယ်ဆိုရင် တပည့်တော် ဖတ်ဖူးတဲ့ စာအုပ်ထဲမှာ ရဟန်းတစ်ပါးဟာ ကိုယ့်လည်ပင်းကိုကိုယ် ဓားနဲ့လှီးပြီး သတ်သေသွားပေမယ့် အဲဒီအခိုက်မှာ ရဟန္တာ ဖြစ်သွားတယ်လို့လည်း ဖတ်ဖူးပါတယ်၊ ရဟန္တာဖြစ်သွားရင် နောင်ဘဝ မရှိတော့ဘူး မဟုတ်လားဘုရား၊ ဒါဆိုရင် ဒီအဖန်ငါးရာ ငါးကမ္ဘာခံရတဲ့ကိစ္စ တပည့်တော် ဘယ်လိုနားလည်ရမလဲ ဘုရား”...။


ဟုတ်ပါတယ်။ ဒီဒကာပြောမှပဲ ဘုန်းဘုန်းအတွေးထဲမှာ ဒီအဖန်ငါးရာငါးကမ္ဘာ ကိစ္စနဲ့ ပတ်သက်ပြီး လွဲနေတဲ့ မြန်မာတွေရဲ့ အလွဲကို တင်ပြပေးဖို့ စိတ်ကူးရခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကိုယ့်ကိုယ်ကို သတ်သေခြင်းနဲ့ အဖန်ငါးရာငါးကမ္ဘာအကြောင်းကို လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် အခုလို တင်ပြဖြစ်တာ ဖြစ်ပါတယ်။

တကယ်တော့ အဲဒီလို ကိုယ့်ကိုယ်ကို သတ်သေရင် နောင်ဘဝတွေမှာလည်း ဘဝပေါင်းငါးရာ တိုင်အောင် အခုလိုပဲ သတ်ပြီးသေရတယ်ဆိုတဲ့ အယူအဆဟာ အတော်ကိုလွဲနေတဲ့ အယူအဆ ဖြစ်ပါတယ်။ ဘုရားဟောမဟုတ်သလို ကျမ်းဂန်မှာပါတဲ့ အချက်လည်း မဟုတ်ပါဘူး။ ပိဋကတ်တော်မှာလာတဲ့ ဇာတ်တော်တစ်ခုတော့ ရှိပါတယ်။ အဲဒီဇာတ်တော်က ဧကနိပါတ် ၊ မတကဘတ္တဇာတ် ဖြစ်ပါတယ်။ ဒီဇာတ်တော်မှာ ဒိသာပါမောက္ခ ဆရာကြီးတစ်ဦးဟာ သေသူကို ရည်စူးပြီး ဆိတ်တစ်ကောင်းကို သတ်ဖို့ရေချိုးပေးချိန်မှာ အဲဒီဆိတ်ဟာ တစ်ပြိုင်တည်းမှာ ရယ်လည်းရယ်ပြီး ငိုလည်းငိုတယ်လို့ ဆိုပါတယ်။ ဒါနဲ့ ဆရာကြီးက ဘာကြောင့်ရယ်လည်းရယ်၊ ငိုလည်းငိုတာလဲလို့ မေးတော့ ဆိတ်က “ကျွန်ုပ်လည်း အတိတ်ဘတစ်ခုမှာ အခုဆရာကြီးလိုပဲ ဆိတ်တစ်ကောင်ကို လည်ဖြတ်သတ်ခဲ့မိလို့ အဲဒီအကုသိုလ်ဝဋ်ကျွေးဟာ ဒီဘဝအထိ ဘဝပေါင်း (၄၉၉)ဘဝတိုင်တိုင် လည်ဖြတ်အသတ်ခံခဲ့ရကြောင်း၊ ဒီလိုဝဋ်ကျွေးကို နောက်တစ်ဘပဲ ခံပြီးရင် ကုန်ဆုံးတော့မှာ ဖြစ်တာကိုတွေးပြီး ဝမ်းသာလို့ ရယ်ခြင်းဖြစ်ကြောင်းနဲ့၊ ငိုတာကတော့ အခုအကျွန်ုပ်ကို သတ်မယ့်ဆရာကြီးလည်း ကျွန်ုပ်လိုပဲ ဘဝပေါင်းငါးရာ အသတ်ခံရတော့မှာပါလားလို့ တွေးပြီး စိတ်မကောင်းဖြစ်မိတဲ့အတွက် ငိုခြင်းဖြစ်ကြောင်း” ပြောကြားလိုက်ပါတယ်။ ဒီတော့မှ ဆရာကြီးဟာ ကြောက်လန့်ပြီး ဆိတ်ကိုမသတ်တော့ဘဲ လွှတ်လိုက်ပါတယ်။ ဒါပေမယ့် အကုသိုလ်ဝဋ်ကျွေးရှိတဲ့ ဆိတ်ဟာတစ်နေရာမှာ မိုးကြိုးထိလွင့်လာတဲ့ ကျောက်ချက်ထိပြီး လည်ပင်းပြတ်ကာ သေသွားခဲ့ရပါတယ်။ ဝဋ်ကျွေးပါလာတော့ တစ်ဦးမသတ်လည်း တစ်ခုခုနဲ့ သေသွားရတဲ့ သဘောပဲ ဖြစ်ပါတယ်။

ဒီဇာတ်တော်လာ အကြောင်းအရာကိုကြည့်ရင် ဆိတ်ဟာအတိတ်ဘဝ လူဖြစ်စဉ်က ဆိတ်တစ်ကောင်ကို သတ်ခဲ့မိတဲ့ ဝဋ်ကျွေးကြောင့် ဘဝပေါင်းငါးရာတိုင်အောင် အသတ်ခံပြီး သေခဲ့ရတဲ့အဖြစ်ကို တွေ့ရမှာဖြစ်ပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကို သတ်သေလို့ အဖန်ငါးရာ၊ ဘဝငါးရာ ခံရတာ မဟုတ်ဘဲ သူများကို သတ်မိတဲ့ အကုသိုလ် ဝဋ်ကျွေးကြောင့် ဘဝပေါင်းများစွာ အသတ်ခံရတဲ့ ဇာတ်တော်လာ အကြောင်းအရာပဲ ဖြစ်ပါတယ်။ ဒီဇာတ်တော်လာ အကြောင်းကို နားစွန်နားဖျား ကြားမိရာက ကိုယ့်ကိုယ်ကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာ ခံရတယ်ဆိုပြီး မြန်မာများ အမှတ်လွဲနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သေချာတာကတော့ ကိုယ့်ကိုယ်ကို သတ်သေတဲ့အတွက် အဖန်ငါးရာ ငါးကမ္ဘာအထိ အဲဒီလို ထပ်တူသတ်သေရမယ်ဆိုတဲ့ အယူအဆဟာ လွဲနေတယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

ဒီလိုပြောတော့ ကိုယ့်ကိုယ်ကို သတ်သေတာ အဖန်းငါးရာ ငါးကမ္ဘာ ခံရတာမဟုတ်ဘူးဆိုပြီး စိတ်ညစ်ညစ်နဲ့ ကိုယ့်ကိုယ်သတ်သေတာလည်း မလုပ်မိကြဖို့ လိုပါတယ်။ လူအတော်များများက မဟုတ်တာဆို သိပ်ပြီးအတုယူတတ်တာ ဆိုတော့ သူများသတ်သေတာတွေကြည့်ပြီး ကိုယ့်ကိုယ်သတ်သေမိမှာစိုးလို့ ပြောရတာပါ။ သေချာစဉ်းစားရမှာက အဲဒီလို စိတ်ညစ်လို့ ကိုယ့်ကိုယ်ကို သတ်သေတဲ့ သူတစ်ယောက်ရဲ့ သေခါနီး စိတ်အစဉ်ဟာ ဘယ်လိုမှ ကောင်းတဲ့စိတ်အတွေး မဖြစ်နိုင်တဲ့အတွက် ဒီစိတ်နဲ့ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်မယ်ဆိုရင် ကောင်းတဲ့ဘုံဘဝမှာ ဖြစ်ဖို့ဆိုတာ မလွယ်လှပါဘူး။ သေခါနီးမှာဖြစ်တဲ့ စိတ်အစဉ်ဟာ နောက်ဘဝမှာ အရင်အကျိုးပေးတာ ဖြစ်တဲ့အတွက် သေခါနီးစိတ်အစဉ်ဟာ အထူးသတိပြုရမယ့် အချက်ဖြစ်ပါတယ်။

ဒီတော့ကား သတ်သေမှုနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို သတ်သေတာနဲ့ သူတပါးကို သတ်လိုက်တာမှာ ကိုယ့်ကိုယ်ကို သတ်သေတဲ့အတွက် ဘဝငါးရာ အဖန်ငါးရာ အဲဒီလိုပဲ သတ်ပြီးသေရတယ်ဆိုတာ အခြေအမြစ်မရှိတဲ့ စကားပြစ်ကြောင်းနဲ့၊ သူတပါးကို ကိုယ်ကသတ်တာဆိုရင်တော့ သတ်တဲ့စိတ်စေတနာအတိုင်း ဒီအကုသိုလ်ဝဋ်ကျွေးကို ပြန်လည် ပေးဆပ်ရတတ်ပြီး အကုသိုလ်အပြစ် သိပ်ကြီးရင် ဘဝပေါင်း ငါးရာအထိတောင် ခံရတတ်ကြောင်း သတိပြုကြရမှာ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို သတ်သေမှုအပိုင်းမှာလည်း ခန္ဓာကိုယ်ရဲ့ အပြစ်ကိုမြင်ပြီး ခန္ဓာကိုယ်ကို ငြီးငွေ့လို့ သတ်လိုက်တဲ့ အပိုင်းမှာ အပြစ်မရှိပေမယ့် ဒေါသအလျောက် သတ်မိရင်တော့ အပြစ်ဖြစ်တတ်ပါတယ်။ အပြစ်ဖြစ်တတ်တယ်ဆိုတာ ခုနပြောသလို သေခါနီး စိတ်အစဉ်ဟာ မကောင်းနိုင်တဲ့အတွက် သေပြီးနောက် အပါယ်ဘုံဘဝတွေအထိ ရောက်စေနိုင်တာဖြစ်လို့ အပြစ်ဖြစ်တတ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဗုဒ္ဓလက်ထက်က ဝဂ္ဂလိ အမည်ရှိတဲ့ မထေရ်တစ်ပါးဟာ ခန္ဓာကိုယ်ကိုငြီးငွေ့ပြီး ခန္ဓာကိုယ်ရဲ့ အပြစ်ကိုမြင်တဲ့အတွက် ကိုယ့်လည်ပင်းကိုကိုယ် ဓားနဲ့ဖြတ်ပြီး သတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီမထေရ်ဟာ ဒီအခိုက်မှာ ဝေဒနာကို ရှုလိုက်တဲ့အတွက် ရဟန္တာဖြစ်သွားတယ်လို့ ခန္ဓဝဂ္ဂသံယုတ် ပါဠိတော် (၄၉)မှာ ဖော်ပြပါရှိပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ခန္ဓာကိုယ်ရဲ့ အပြစ်ကိုမြင်ပြီး ကိုယ့်ကိုယ်ကို သတ်သေတဲ့အပိုင်းမှာ ဒီလိုသတ်သေလိုက်တဲ့အတွက် အဖန်ငါးရာ ငါးကမ္ဘာ ခံစရာမရှိတော့ဘူးဆိုတာ သတိပြုနိုင်မှာ ဖြစ်ပါတယ်။

ဆိုလိုတာက မြန်မာအများ အမှတ်မှားနေကြတဲ့ ကိုယ့်ကိုယ်ကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာ အဲဒီလိုပဲ သေရတယ်ဆိုတဲ့ အယူအဆဟာ လွဲနေတဲ့ အယူအဆဖြစ်ကြောင်း၊ ကိုယ့်ကိုယ်ကို သတ်တဲ့ကံမဟုတ်ဘဲ သူများကို သတ်ခဲ့တဲ့ ပါဏာတိပါတ ကံမျိုးကသာ ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ်ကံ အကြီးအသေးကိုလိုက်ပြီး တစ်ခါတစ်လေ ဘဝပေါင်းငါးရာအထိ ပြန်လည် အသတ်ခံရတတ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို သတ်သေတဲ့အပိုင်းမှာ ပါဏာတိပါတကံ မမြောက်တဲ့အတွက် ပါဏာတိပါတကံကို ကျူးလွန်တဲ့အပြစ်အတိုင်း ပြန်ခံရတာတွေ မရှိပေမယ့် လောကဓံကို မခံနိုင်လို့ ကိုယ့်ကိုယ်ကို သတ်သေတဲ့ သူတစ်ယောက်ဟာ အသေမကောင်းတဲ့အတွက် ဘဝကူးလည်း မကောင်းနိုင်တာဖြစ်လို့ ဒီလိုနည်းနဲ့ ကိုယ့်ကိုယ်သတ်သေတာလည်း လွဲနေတဲ့အလွဲတစ်ခု ဖြစ်ကြောင်း သိစေချင်တာ ဖြစ်ပါတယ်။

ဒါကြောင့် လွဲနေကြတဲ့ အလွဲတွေထဲမှာ ကိုယ့်ကိုယ်ကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာအဲဒီလိုပဲ သတ်သေရတတ်တယ်ဆိုတဲ့ မြန်မာတွေရဲ့ အခြေအမြစ်မရှိတဲ့ အလွဲဟာလည်း နည်းနည်းလေးမဟုတ် အများကြီးကို လွဲနေတဲ့ အလွဲတစ်ခုသာ ဖြစ်တဲ့အတွက် ဒီလိုအလွဲမျိုးကို အစဉ်အဆက် အရိုးစွဲနေအောင် မလွဲမိကြဖို့နဲ့ တကယ်သတ်ချင်ရင် ကိုယ့်သန္တာန်မှာ ရှိနေတဲ့ ကိလေသာတွေကိုသာ အပြီးသတ်နိုင်အောင် ကြိုးစားကြဖို့ အသိပေးတိုက်တွန်းရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် အသိဝင်ကာ ပြုပြင်နိုင်ဖို့ စေတနာထား မေတ္တာအားဖြင့် အသိစကား ပါးလိုက်ရပါတယ်။

မေတ္တာစွမ်းအင် ကြီးမားပုံအကျိုးကို ဘုရားရှင်က အဆင့်ဘယ်လိုခွဲခြား ဟောကြားခဲ့သလဲ



မေတ္တာစွမ်းအင် ကြီးမားပုံအကျိုးကို ဘုရားရှင်က အဆင့်ဘယ်လိုခွဲခြား ဟောကြားခဲ့သလဲ သည်ကမ္ဘာလောကကြီး၌ စွမ်းအားအထက်မြက်ဆုံးတရားကို ပြပါဆိုလျှင် မေတ္တာတရားကိုသာ ပြရပေလိမ့်မည်။ သတ္တဝါဝေနေယျ အပေါင်းကို မဟာမေတ္တာဂရုဏာ ကြီးမားစွာ ဖြန့်ကြလျှက်ရှိသော မြတ်စွာဘုရားရှင်က မေတ္တာစွမ်းအင်း ကြီးမားပုံကို အဆင့် ( ၁၀ ) ဆင့် ခွဲခြားလျှက် အောက်ပါအတိုင်း ဟောကြားတော်မူခဲ့ပါသည် ။ ၁။ ထမင်းရည်ချောင်းစီးအောင် လှူဒါန်းခဲ့သော ဘုရားအလောင်း ဝေလာမပဏ္ဏားကြီး၏ အလှူဒါန မျိုးထက် သောတပန်တစ်ဦးကို လှူဒါန်းရခြင်းက သာလွန်၍ အကျိုးကြီးမား၏ ။ ၂။ သောတာပန် ( ၁၀၀ ) ကို လှူရခြင်းထက် သကဒါဂါမ် တစ်ဦးကို လှူရခြင်းက သာလွန်၍ အကျိုး ကြီးမာ၏။ ၃။ သကဒါဂါမ် (၁၀၀ ) ကိုလှူရခြင်းထက် အနာဂါမ် တစ်ဦးကို လှူရခြင်းက သာလွန်၍ အကျိုးကြီးမာ၏ ။ ၄။ အနာဂါမ် ( ၁၀၀ ) ကို လှူရခြင်းထက် ရဟန္တာတစ်ပါးကို လှူရခြင်းက သာလွန်၍ အကျိုးကြီးမား၏ ။ ၅။ ရဟန္တာ (၁၀၀ ) ကို လှူရခြင်းထက် ပစ္စေကဗုဒ္ဓါတစ်ပါးကို လှူရခြင်းက သာလွန်၍ အကျိုးကြီးမား၏ ။ ၆။ ပစ္စေကဗုဒ္ဓါ အဆူ ( ၁၀၀ ) ကို လှူရခြင်းထက် သမ္မာသမ္ဗုဒ္ဓ ဘုရားတစ်ဆူကို လှူရခြင်းက သာလွန်၍ အကျိုးကြီးမား၏ ။ ၇။ သမ္မာသမ္ဗုဒ္ဓဘုရားတစ်ဆူကို လှူရခြင်းထက် ဘုရားအမှူးပြုသော သံဃာတော်များကို လှူရခြင်းက သာလွန်၍ အကျိုးကြီးမား၏။ ၈။ ဘုရားအမှူးပြုသော သံဃာတော်များကို လှူရခြင်းထက် စတုဒိသာ သံဃာတော်ကို ရည်စူး၍ ကျောင်းဆောက်လှူရခြင်းက သာလွန်၍ အကျိုးကြီးမား၏ ။ ၉။ စတုဒိသာ သံဃာတော်ကို ရည်စား၍ ကျောင်းဆောက်လှူရခြင်းထက် သရဏဂုံသုံးပါးကို ဆောက်တည်ခြင်း ၊ ငါးပါးသီလသိက္ခာပုဒ်ကို စောင့်ထိန်းခြင်းက သာလွန်၍ အကျိုးကြီးမာ၏ ။ ၁၀။ သရဏဂုံ ဆောက်တည်ခြင်း နှင့် ငါးပါးသီလ စောင့်ထိန်းခြင်းထက် နံ့သာတစ်ရှူခန့်မျှ အချိန်ပိုင်းလောက် မေတ္တာပွားများခြင်းက သာလွန်၍ အကျိုးကြီးမား၏ ။ သို့ ဖြစ်ပေရာ ဗုဒ္ဓဘာသာဝင် သူတော်စင်များအနေဖြင့် မေတ္တာစွမ်းအင်အကျိုးကို သိရှိနားလည်ပြီး မေတ္တာဓါတ် ကိန်းအောင်းကာ ဝိပဿနာတရားများကို အားထုတ်သင့်ပေကြောင်း ဗုဒ္ဓဟောကြားခဲ့သော အချက်အက်များဖြင့် တင်ပြရင်း နှိုးဆော်လိုက်ရပါသည် ။ 


ဗုဒ္ဓပွင့်ပေါ်ခဲတာဘယ်နှစ်ခုနှစ်ကလဲ




 Wall Photos ဗုဒ္ဓပွင့်ပေါ်ခဲ့တာက (BC 623)ဆိုတော့၊ ဗုဒ္ဓက ခရစ်တော်ထက် ၆၂၃ နှစ် ပိုစောခဲ့သလို၊ မိုဟာမက် ပေါ်ခဲ့တာက(AD 570)ဆိုတော့ ဗုဒ္ဓ က မိုဟာမက် ထက်လည်း နှစ်ပေါင်း (၁၁၉၃)နှစ် ပိုစောခဲ့တော့ ၊ ဗုဒ္ဓပွင့်ပေါ်ခဲ့တာက (BC 623)ဆိုတော့၊ ဗုဒ္ဓက ခရစ်တော်ထက် ၆၂၃ နှစ် ပိုစောခဲ့သလို၊ မိုဟာမက် ပေါ်ခဲ့တာက(AD 570)ဆိုတော့ ဗုဒ္ဓ က မိုဟာမက် ထက်လည်း နှစ်ပေါင်း (၁၁၉၃)နှစ် ပိုစောခဲ့တော့ ၊ ယခု တရုတ်ပြည်မှာ ရှိနေတဲ့ ဗုဒ္ဓရဲ့စွယ်တော်(သွား) ရဲ့ သက်တမ်းဟာ နှစ်...ပေါင်း(၂၆၃၃) နှစ်ရှိနေပါပြီ။ အဲဒီလောက် သက်တမ်းရှိပြီဖြစ်တဲ့ သွားအပေါ်မှာ သံသယမကင်းဖြစ်နေတဲ့ အနောက်တိုင်း သိပ္ပံပညာရှင်တို့ကအဲဒီ့ သွားကို Genetic Engineering နည်းနဲ့ စမ်းသပ် စစ်ဆေးလိုပါတယ်လို့ အကြိမ်ကြိမ်တောင်းဆိုလို့ တရုတ်အစိုးရက ခွင့်ပြုလိုက်တော့ သိပ္ပံပညာရှင်တို့စမ်းသပ်တွေ.ရှိချက်တွေကတော့ (၁)ဒီသွားဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၆၀၀)ခန့်ကသွားဆိုတာ မှန်ကန်ပါတယ်တဲ့ (၂)လူသားတဦးရဲ့သွားဆိုတာလဲ မှန်ကန်ပါတယ်တဲ့ (၃)၎င်းသွားထဲမှာပါတဲ့ DNA(Deoxyribo Nucleic Acid) ဟာ သာမန်လူသားတဦးရဲ့ DNA နဲ့မတူဘဲ Supreme Lord(အမြင့်မြတ်ဆုံးအရှင်သခင်) ရဲ့ DNA အဖြစ် ကောက်ချက်ချပါတယ်တဲ့ အဲဒီသိပ္ပံတွေ.ရှိချက်ထွက်လာစဉ်မှာဘဲ အနောက်အုပ်စု အစိုးရတွေက သူတိုရဲ့ သိပ္ပံပညာရှင်တွေကို စမ်းသပ်မှုကို ချက်ချင်းရပ်လိုက်ဖို့အမိန့်ထုတ်လိုက်ပါတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ဗုဒ္ဓဘာသာကမ္ဘာကျော်သွားမှာကိုမဖြစ်စေချင်လို.ပါတဲ့။ အနောက်အုပ်စု/ အမေရိကန် နှင့် တရုတ် တို့ ပါဝါ ပြိုင်နေချိန်လဲ ဖြစ်နေတယ်လေ။ သိပ္ပံပညာတိုးတက်မှုဟာ ဒီနေရာမှာကျတော့ ဗုဒ္ဓဘာသာအတွက် ကောင်းမွန်နေပါတယ် သူငယ်ချင်းတို့ ရေ........... မှတ်ချက်။ ။ myanmarexpress.net မှ ဖော်ပြပါသည် By: Barman John




Saturday, May 12, 2012

*ဆင်ခြင်သိမှတ်ဖွယ်ရာဓမ္မလင်္ကာ*

ရှည်လျားလှသော သံသရာခရီးတွင် ရခဲလှစွာသော တိုတောင်းလှစွာသော လူ့ဘ၀တွင် လောဘ၊ဒေါသ၊ မောဟတွေ ဖုံးလွမ်းပြီး ကာမဂုဏ်အာရုံထဲတွင် နစ်မျောနေကြသော ပုထုဇဉ်လူသားတို့အတွက် လယ်တီ ဆရာတော်၊ မန်လည်ဆရာတော်နှင့် အမရပူရမြို့၊မဟာဂန္ဓာရုံဆရာတော်ကြီးသုံးပါးက သတိတရားရစေရန် ရည်ရွယ်၍ ကြိုးစားရေးဖွဲ့ထားသော ဆုံးမစာ(၃) ခုကိုဖော်ပြလိုက်ပါသည်။
“ငါးအာရုံဘင်အစု၊ ခင်မှုနဲ့နေ့ကုန်
နင်ယခုမေ့ပုံလို၊ တွေ့မကြုံစခန်း
ပါယ်လေးဝ သောကဘုံမှာ
မျောရရုံရှိတော့မခန်း
အောက်ဝီစိသောင်းအငူမှာ
ခေါင်းမပြူစတမ်း
နှစ်အရှည်နစ်မည့်လမ်းကိုလ
နင်မျှော်စမ်း နင့်ကိုယ်
ဒေသနာထင် အလင်းရယ်နှင့်
နင်အဖျင်းပိုထက်သာပို
သည်လောဘစရိုက်အိုကို
မလိုက်လိုရှောင်ပစ်လို့
နောင်အသစ်တကယ်ပြင်လျှင်
ကောင်းဖို့အစဉ်
ခွင့်သာခိုက်မှ မလိုင်ချင်လျှင်
အလွဲနင့်ပြင် ရှိသေးလေလိမ့်လား
ခွင့်သာဆဲကမှ မခဲချင်လျှင်
အလွဲနင့်ပြင် ရှိသေးလေလိမ့်လား
ခွင့်သာတုန်းမှာ မရုန်းချင်လျှင်
အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား”
(လယ်တီဆရာတော်)
“ကျီးနက်မိုက်ခေါင်၊ ဆင်သေကောင်ထက်၊ သောင်ကိုမလှမ်း၊
ကမ်းကိုမသက်၊ အပုပ်မက်၍၊ စီးလျက်စားကာ၊ လိုက်လေပါက၊
သမုဒ္ဒရာရောက်ဆိုက်၊ လှိုင်းဝဲရိုက်၍၊ ရေ၌မွန်းနစ်၊ ငါးစာဖြစ်သို့၊
စင်စစ်မှတ်ဆောင်၊ လူတို့ဘောင်ဝယ်၊ အိမ်ထောင်ဝဋ္ဋ်ထဲ၊ သေအောင်စွဲ၍
အမြဲနေငြား၊ သားမယားနှင့်၊ ခံစားကာမ၊ လူထိုမျှကို
ကာကပညာ၊ ကျီးပမာဟု၊ မဟာဝိသုဒ်၊ မြတ်သမ္ဗုတို့၊ ရွေနှုတ်လှစ်ချွေ၊ဟောခဲ့ပေ၏”
(မန်လည်ဆရာတော်)
“ခရီးကရှည်၊ အရူးတွေ
စားရေးကသိုး၊ အဖော်ကဆိုးသနဲ့
အမျိုးမျိုး ကာမဂုဏ်၊
အာရုံတွေအလွန် နှောက်တာကြောင့်
အပါယ်ဘုံ အခါခါရောက်သော်လည်း
လွတ်မြောက်ဖို့ဝေး”
(အမရပူရမြို့၊မဟာဂန္ဓာရုံဆရာတော်)
အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

Sunday, May 6, 2012

(ဗုဒ္ဓဝင် ပုံတော်များဖြင့်ကြည်ညိုဖွယ်ရာ)

သုမေဓာရှင်ရသေ့သည် နောင်လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာသောအခါ တရားအလုံးစုံကို ကိုယ်တော်တိုင်သိတော်မူသော သဗ္ဗညုတဉာဏ်ရှင် ဂေါတမမြတ်ဗုဒ္ဓဖြစ်လိမ့်မည်ဟု ဒီပင်္ကရာဘုရား 
ဗျာဒိတ်စကား ပေးတော်မူပုံ



မဟာသက္ကရာဇ် ၆၇ခုနှစ် ဝါဆိုလပြည့်နေ့၌ ကပ္ပိလဝတ်ပြည့်ကြီးရှင် သုဒ္ဓေါဒနမင်းကြီး၏ မိဖုရားတော် မယ်တော်မာယာ အိမ်မက်မြင်မက်ပီ ဘုရားအလောင်းတော်နတ်သားသည် နတ်ဗြဟ္မာများ တောင်းပန်မှုကြောင့် ချမ်းမြေ့စွာ မယ်တော်ဝမ်းဝယ် သန္ဓေယူတော်မူပုံ။
 

မဟာသက္ကရာဇ် ၆၈ခုနှစ် ကဆုန်လပြည့်နေ့၌ ကပ္ပိလဝတ်နှင့် ဒေဝဒဟနှစ်ပြည်ထောင်လမ်းခရီးအကြား အင်းကြင်းတော၌ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားငယ်ကို မယ်တော်မာယာ ဝမ်းကြာတိုက်မှ ဖွားမြင်တော်မူပုံ။

ခမည်းတော်သုဒ္ဓေါဒနမင်းကြီး ကိုးကွယ်သော အဘိညာဏ်ရ ဒေဝီလရှင်ရကို ဖူးမြှောက်ရန် သိဒ္ဓတ္ထမင်းသားငယ်ကို ချီပွေ့ယူဆောင်လာရာ ဘုန်းကံပိုမို ကြီးမားသော အလောင်းတော် မင်းသားငယ်၏ ခြေတော်အစုံတို့သည် ဒေဝီလရှင်ရသေ့၏ ဦးခေါင်းတော်ကို ထိခိုက်မိပုံ။
 

ခမည်းတော် သုဒ္ဓေါဒနမင်းကြီ လယ်ထွန်မင်္ဂလာပြုနေစဉ် အလောင်းတော်မင်းသားလေးက အတိတ်ဘဝ ပါရမီဓာတ်အဟုန်ကြောင့် သင်ပြပေးသူ မရှိဘဲ မိမိအလိုလိုသာလျှင် အာနာပါနပထမဈာန်သမာဓိကို တည်ငြိမ်အေးချမ်းစွာ ဝင်စားနိုင်ပုံ။


ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး ယောက်ျားတို့ တတ်အပ်သော အဋ္ဌရသတစ်ဆယ့်ရှစ်ရပ်ကို မိမိရဲ့ ရှေးဘဝပါရမီဟုံကြောင့် သင်စရာမလိုဘဲ ကျွမ်းကျင်တတ်မြောက်ပြီးဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး သာကီဝင်ဆွေတော်မျိုးတော်တို့၏ ရှေ့တော်မှောက်၌ မိမိရဲ့ လက်ရုံးရည် နှလုံးရည် စွမ်းရည်သတ္တိကို အံသြဘွယ်ပြသနေပုံ(ထက်၊အောက်)။

 

  
 
အလောင်းတော်သိဒ္ဓတ္ထမင်းသားလေး သက်တော် တဆယ့်ခြောက်နှစ်မြောက်သောအခါ ဘဒ္ဒကဉ္စနာ (ယသောဓရာဒေဝီ)နှင့် စုလျားရစ်ပတ်ပီ သာကီဝင်နန်းစည်းစိမ်ကို သိမ်းပိုက်၍ သာကီဝင်ဆွေတော်မျိုးတော်တို့၏ အကျိုးစီးပွားကို ဆောင်တော်မူခန်း။

အလောင်းတော် သိဒ္ဓတ္ထမင်းသား နန်းသက် တစ်ဆယ့်သုံးနှစ် သက်တော် နှစ်ဆယ့်ကိုးရောက်သောအခါ သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်ပီ သတိသံဝေဂ ရတော်မူခန်း။




အလောင်းတော် သိဒ္ဓတ္တမင်းသားလေး မဟာသက္ကရာဇ် ၉၇ခုနှစ် ဝါဆိုလပြည့်နေ့ တောထွက်မည်ဆဲဆဲ ဖခင်တစ်ယောက်ရဲ့ ကြီးမားသော မေတ္တာတော်ဖြင့် မိမိရဲ့ တစ်ဦးတည်းသော ဖွားမြင်ခါစ သားတော်ကြီး ရာဟုလာလေးကို ယုယပိုက်ထွေး လိုသဖြင့် လာရောက် ရှုစားတော်မူခန်း။
 

အလောင်းတော်သိဒ္ဓတ္ထမင်းသား မဟာသက္ကရာဇ် (၉၇)ခုနှစ် ဝါဆိုလပြည့် တနင်္လာနေ့မှာ ဖွားဖက်တော် မြင်းမြီးဆွဲ မောင်ဆန်နဲ့ အတူ တော်ထွက်တော်မူပီ အနောမာသောင်ကမ်း၌ ဆံမုတ်ဆိတ်ကျင်စွယ်ကို ပယ်တော်မူပီ ရသေ့ရဟန်းပြုတော်မူပုံ။
နန်းစည်စိမ်ကို စွန့်ပီ တောထွက်တော်မူလာသော ဘုရားအလောင်းတော်ကို ကြည်ညိုလွန်းလှဖြင့် ရာဇဂြိုလ်ပြည့်ရှင် ဗိမ္ဗိသာရမင်းကြီးက မိမိရဲ့ နန်းစည်းစိမ်တဝက်ကို ခွဲပေးပုံနှင့် ဘုရားဖြစ်သောအခါ၌ မိမိတိုင်းပြည်မှာ အရင်ဦးဆုံး တရားဟောကြွပါရန် လျှောက်ထားတောင်းပန်ပုံ။

ဘုရားအလောင်းတော်သည် တောထွက်လာပြီနောက် ထိုခေတ်အချိန်အခါက ထင်ပေါ်ကျော်ကြားတဲ့ အာရဠရသေ့ကြီးထံ လောကီဈာန်သမာပတ်ခုနှစ်ပါးကို မပင်မပန်းဘဲ သင်ယူတတ်မြောက်ပုံ။
အာဠာရ၊ဥဒက ရသေ့နှစ်ဦးတို၏ ဈာန်သမာပတ်များသည် မသေရာအမြိုက်နိဗ္ဗာန်ကို ရောက်နိုင်သည်
မဟုတ်ဟု သိမြင်တော်မုပြီး မိမိခန္ဓာကိုယ်ကို ဆင်းရဲးပူလောင်ပင်ပန်းစေသော သူတကာတို့ ကျင်နိုင်ရန်
ခက်ခဲးသော ဒုက္ကရစရိယာကို (၆)နှစ်တိုင် မှားယွင်းစွာကျင့်တော်မူပုံ။
ဘုရားဖြစ်ခါနီး၌ ဘုရားအလောင်းတော်သည်. မြေအပြင်ကို အိပ်ယာပြုလျက် ဟိမဝန္တာတောင်ကို ခေါင်းအုံးပြုကာ. လက်တော်ခြေတော်များ သမုဒ္ဒရာလေးစင်းလုံးသို့ ဖြန့်ကျက်ထားလျက် အိပ်စက်ရသည်ဟု အိမ်မက်မြင်မက်တော်မူပုံ။
ဘုရားဖြစ်တော်မူခါနီး၌ သေနာနိဂုံးမှ သူဌေးသမီး သုဇာတာက အထူးစီမံထားသော အနံ့ အရသာနှင့် အလွန်ပြည့်စုံသော နို့ဃနာဆွမ်းကို ဘုရားအလောင်းတော်အား ညောင်ပင်စောင့် နတ်မင်းကြီးအထင်နှင့် လာရောက်ဆက်ကပ်လှူဒါန်းပုံ။
 

ဘုရားဖြစ်တော်မူခါနီး အပရာဇိတပလ္လင်ထက်ဝယ် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူသော ဘုရားအလောင်းတော်ကို ဝသဝတ္တီနတ်ပြည်မှ မာန်နတ်မင်းနှင့် အပေါင်းပါတို့က နှောက်ယှက်တိုက်ခိုက်ကြသည်ကို နေမဝင်မီ ဖြည့်ကျင့်ခဲ့ဖူးသော ပါရမီတော်အပေါင်းတို့ဖြင့် အောင်မြင်တော်မူပုံ။
 

မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ပုရိမယာမ်၌ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ မဇ္ဈိမယာမ်၌ ဒိဗ္ဗစက္ခုအဘိညာဏ်၊ ပစ္ဆိမယာမ်၌ အာသဝက္ခယဉာဏ်ကို ရတော်မူပီ ဆရာမရှိဘဲ ကိုယ်တော်တိုင်သာလျှင် တရားအလုံးစုံကို အကုန်အစင် သိတော်မူသော အတုမရှိ သဗ္ဗညုဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။
 

  

  

  

  

  

  

  

  

  

  


  

 

  

ဘုရားရှင် ပရိတ်နိဗ္ဗာန် စံတော်မူပုံ လေးကိုတော့ facebook မှ ရပါသည်။
ဗျာ၊ ဖွား ၊ပွင့်၊ စံ = ဤလေးတန် ၊ မှတ်ရန် ကဆုန်လ
ကဆုန်လပြည့်နေ့ သည် ဗုဒ္ဒဘာသာဝင်တိုအတွက် ထူးမြတ်သော နေ့ကြီးတနေ့ပါ။
ကုသိုလ်ကောင်းမှုများပြုခြင် ၊ဥပုဒ် သီလ စောင့်ထိန်းခြင်း၊ တရားဘာဝနာ ပွားများခြင်းတို့ဖြင့်
ဗုဒ္ဓဘုရားရှင်အား ပူဇော်ကြပါစို့ပုံ။
(ရွှေအိမ်စည်)
မှ
(ရဲဇော်ကို)

ရွှေမြန်မာဥယျာဉ်မှရဲဇော်ကိုရေးသားပါသည်
ုပြန်လည်မျှဝေကူသိုလ်ယူလိုက်ပါသည်

Wednesday, May 2, 2012

~ဗုဒ္ဓဘာသာတစ်ယောက်၏ မှန်ကန်သည့် ယုံကြည်မှုနှင့် အယူဝါဒ ပျက်စီးမှု~

~ဗုဒ္ဓဘာသာတစ်ယောက်၏ မှန်ကန်သည့် ယုံကြည်မှုနှင့် အယူဝါဒ ပျက်စီးမှု~
ဗုဒ္ဓဘာသာအဖြစ် ခံယူထားသည့် ဗုဒ္ဓဘာသာ တစ်ယောက်သည် ရတနာသုံးပါး၊ ကံကံ၏ အကျိုးတရား၊ အကြောင်းအကျိုး ဆက်သွယ်မှုနှင့် မျက်မှောက်လောက၊ တမလွန်လောက စသည်တို့ကို ယုံကြည်ကြရပေမည်။
ဗုဒ္ဓဘာသာတစ်ယောက်သည် မိမိတို့ ကိုးကွယ်ဆည်းကပ်သည့် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး အပေါ်အမှန်တကယ် ယုံကြည်ရန် လိုအပ်လှသည်။ ဘုရားဟုတ်ပါ့မလား၊ တရားဟုတ်ပါ့မလား စသည့် သံသယများ ကင်းရှင်းစေရန် ရတနာသုံးပါးရဲ့ ဂုဏ်တော်များကို သေချာကျနစွာ သိရှိအောင် ကြိုးစားပြီး ရတနာသုံးပါးအပေါ် ယုံကြည်မှု ခိုင်မြဲစေရမည်။
ထို့အပြင် ဗုဒ္ဓဘာသာတစ်ယောက်သည် ကုသိုလ်ကံ၊ အကုသိုလ်ကံနှင့် ယင်းကံတို့၏ ကောင်းကျိုးဆိုးကျိုးကို လည်းကောင်း၊ ပစ္စုပ္ပန်လောကနှင့် တမလွန်လောကကို လည်းကောင်း ယုံကြည်ကြရမည် ဖြစ်သည်။ “လောက၌ မည်သူမဆို ကောင်းတာလုပ်လျှင် ကောင်းကျိုးကို ခံစားရမည်၊ မကောင်းတာလုပ်လျှင် မကောင်းကျိုးကို ခံစားရမည်၊ မိမိပြုလုပ်သောကံသည် မိမိ၏ကိုယ်ပိုင်ဥစ္စာ မည်သည်၊ မိမိပြုလုပ်သော ကံအရ ဆိုးမွေကောင်းမွေကို ခံယူရမည်” စသည်ဖြင့် ယုံကြည်လက်ခံခြင်းကို ကမ္မဿကတာ သမ္မာဒိဋ္ဌိဟု ခေါ်သည်။ ဗုဒ္ဓဘာသာဝင် တစ်ဦးသည် ထိုသို့လက်ခံ ယုံကြည်နေပါက အမှန်ကို လက်ခံယုံကြည်နေခြင်း ဖြစ်၍ အယူဝါဒ မှန်ကန်နေခြင်း ဖြစ်သည်။
ထို့အပြင် ဗုဒ္ဓဘာသာတစ်ယောက်သည် အမြင်မှန်ဆယ်ချက် (ဒသဝတ္ထုက သမ္မာဒိဋ္ဌိ)ကိုလည်း လက်ခံယုံကြည် ထားရမည် ဖြစ်သည်။ အမြင်မှန်ဆယ်ချက်မှာ
၁။ အလှူဒါနပြုလျှင် ကောင်းကျိုးကို ခံစားရ၏ဟု ယုံကြည်ခြင်း
၂။ ပူဇော်မှု၏ အကျိုးရှိကြောင်း ယုံကြည်ခြင်း
၃။ လက်ဆောင်ပေးကမ်းပူဇော်ခြင်း၏ အကျိုးရှိကြောင်း ယုံကြည်ခြင်း
၎။ ကုသိုလ်ကံ၊ အကုသိုလ်ကံတို့၏ ကောင်းကျိုးဆိုကျိုးနှင့် အကျိုးရင်း အကျိုးဆက်ရှိကြောင်း ယုံကြည်ခြင်း
၅။ မိခင်အပေါ် ပြုစုလုပ်ကျွေးခြင်း၏ ကောင်းကျိုးနှင့် ပြစ်မှားခြင်း၏ ဆိုးကျိုးရှိကြောင်း ယုံကြည်ခြင်း
၆။ ဖခင်အပေါ် ပြုစုလုပ်ကျွေးခြင်း၏ ကောင်းကျိုးနှင့် ပြစ်မှားခြင်း၏ ဆိုးကျိုးရှိကြောင်း ယုံကြည်ခြင်း
၇။ လူတို့မမြင်နိုင်သည့် ငရဲ၊ ပြိတ္တာ၊ နတ်သိကြား ဗြဟ္မာဟူသော (သြပပါတိက) သတ္တဝါများရှိကြောင်း ယုံကြည်ခြင်း
၈။ ဤမျက်မှောက်လောကရှိကြောင်း ယုံကြည်ခြင်း
၉။ သေပြီးနောက်ဘဝ တမလွန်လောကရှိကြောင်း ယုံကြည်ခြင်း
၁၀။ ဤလောက၌ ငြိမ်သက်ကောင်းမွန်စွာ ကျင့်ကြံကြသော သမဏဗြဟ္မဏတို့ရှိကြောင်း၊ ယင်းတို့က ဤလောက တမလွန်လောကကို ကိုယ်တိုင်သိမြင်၍ လူအများကို ပြန်လည်ဟောပြပေးကြောင်း ယုံကြည်ခြင်း တို့ဖြစ်သည်။
သို့သော် ဗုဒ္ဓဘာသာ တစ်ယောက်သည် အထက်ပါ ယုံကြည်မှုတို့ကို ယုံကြည်လက်ခံမှု မရှိတော့ဘဲ
(၁) လောက၌ ဖန်ဆင်းရှင်ရှိ၏၊ မြေကြီး၊ တောတောင်၊ စကြာဝဠာ၊ သမုဒ္ဒရာတို့နှင့် သတ္တဝါအားလုံးကို ထိုဖန်ဆင်းရှင်က ဖန်ဆင်း၏ဟု မှားယွင်းစွာ ယူဆသည့် ဖန်ဆင်းရှင် (ဣဿရနိမ္မာန) ဝါဒ
(၂) လောက၌ ကုသိုလ်ကံ အကုသိုလ်ကံဟူသည် မရှိ၊ ကောင်းမှုကိုပြုသော်လည်း ကောင်းမှုကုသိုလ်မမည်၊ မကောင်းမှုကို ပြုသော်လည်း မကောင်းမှု အကုသိုလ်မမည်ဟု ယူဆသည့် အကြောင်းကိုပယ်ခြင်း အကိရိယဒိဋ္ဌိ
(၃) ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးတရားဟူသည် မရှိ၊ ကုသိုလ်ကံ အကုသိုလ်ကံတို့ကို ပြုလုပ်သော်လည်း မည်သည့်ကောင်းကျိုး မကောင်းကျိုးကိုမျှ မခံစားရဟု ယူဆသည့် အကျိုးကိုပယ်ခြင်း နတ္ထိကဒိဋ္ဌိ
(၄) ကုသိုလ်ကံ အကုသိုလ်ကံဟူသည် မရှိ၊ ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးဟူသည်လည်း မရှိဟု ယူဆသည့် အကြောင်းအကျိုး နှစ်မျိုးလုံးကိုပယ်ခြင်း အဟေတုကဒိဋ္ဌိ
(၅) လောက၌ အရာအားလုံးသည် နောင်ဘဝဟူသည် မရှိ ဒီဘဝပြီးလျှင် အကုန်ပြတ်သည်၊ ကောင်းတာမကောင်းတာ မှန်သမျှသည်လည်း ဒီဘဝပြီးလျှင် ဘာမှမရှိ အကုန်ပြတ်သည် စသည်ဖြင့် ယူဆသည့် ဥစ္ဆေဒဒိဋ္ဌိ
ဤသို့ စသည်ဖြင့် အယူမှား (မိစ္ဆာဒိဋ္ဌိ) တစ်မျိုးမျိုးကို လက်ခံယုံကြည်လိုက်လျှင် ထိုသူသည် ဗုဒ္ဓဘာသာဝင်အဖြစ်မှ ပျက်စီးရုံမျှမက မူလကရှိနေသော မှန်ကန်သည့် အယူဝါဒ (သမ္မာဒိဋ္ဌိ)သည်လည်း ပျက်စီးတော့သည်သာ ဖြစ်ပါသည်။
ထို့ကြောင့် မိမိတို့ကိုယ်တိုင် ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာဝင်အဖြစ် လက်ခံယုံကြည်ထားကြသည့် ဗုဒ္ဓဘာသာဝင်များသည် အထက်ဖော်ပြပါ ဗုဒ္ဓဘာသာတစ်ယောက် ယုံကြည်လက်ခံထားသင့်သည့် အချက်အလက်များနှင့် အယူဝါဒ ပျက်စီးစေနိုင်မည့် လက်ခံမှုမျိုးကို သေချာကျနစွာ လေ့လာထားပြီး မှန်ကန်သည့် အယူဝါဒကို လက်ခံနိုင်အောင်နှင့် လက်ခံပြီးသား အယူဝါဒ မပျက်စီးအောင်လည်း သဒ္ဓါတရား၊ သတိတရားများနဲ့ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်လှပေသည်။
အရှင်ဝိစိတ္တ (မနာပ ဒါယီ)

စာရေးသူကို ဝေဖန်အကြံပြုချက်လေးတွေ ရေးပေးချင်ရင်..

Related Posts Plugin for WordPress, Blogger...